အမေတဲ့…..

နှစ်လုံးစကား ဖြစ်တည်ငြားရန်

ခံစားဒုက္ခ အနန္တကို

သုခလိုပင် စိတ်ဝယ်မြင်ကာ

လခါရေကြည် သန္ဓေတည်စ

အချိန်မှသည် ချိုချဉ်စပ်ခါး

ရှောင်ဖယ်ထားလို့ မျိုးမျိုးထွေထွေ

ဒုက္ခဝေမူ ငြူစူကင်းစွာ

တွေးပျော်ရှာသည်

မိခင်လောင်းဘ၀ အားသစ်စ…….။

သည်းချစ်ဖူးငုံ ရက်လစုံက

မရဏမင်း စစ်ခင်းယှဉ်ပြိုင်

အနိုင်ကြဲယူ သဲအူပျက်မျှ

နာကျင်လှသည့် ဝေဒနာလှိုင်းကြား

အားတင်းဖွားစဉ် မိခင်ဘဝ

သည်အစကား

နွမ်းပန်းလျလျ  ကြည်းနူးရ……။

ရင်နှစ်သည်းကြာ ချိန်ခါရွယ်ရောက်

လူလားမြောက်ထိ  မဟာကရုဏာ

မေတ္တာအနန္တ  နှိုင်းမရသည့်

ငါးရာနှစ်ဆယ့်ရှစ် မေတ္တာစစ်ဖြင့်

ကျွေးမွေးပြုစု ယုယကြင်နာ

ပျိုးထောင်ပါလည်း ပြည့်ဝအားမာန်

ရှိချိန်တန်ဝယ် မွေးမေ့ရင်ခွင်

ကျဉ်းသည်ထင်၍ ဘ၀လှိုင်းကြား

ကူးခပ်သွားက ကျန်နေရလေ

မွေးမေစိတ်စဉ် မီးပြင်ပမာ

ပူလောင်စွာဖြင့်  ဗျာပါဆူဝေ

ရှိပါစေလည်း ရီဝေမျက်လုံး

အားတင်းပြုံးကာ ပြုံးပန်းဝေဆာ

နှုတ်ဆက်ရှာသည်

သားငယ်စိတ်တွင်း

နှောင်ဖွဲ့တင်းမည်စိုးသောကြောင့်….။

အမေ…..

မျှော်မှန်းရာရည်မှန်းချက်

အနာဂတ်ရဲ့ဘ၀ ပြည့်စုံရဖို့

အသည်းမာမာနဲ့ အမေ့ကိုခွဲခွာခဲ့တာ

ဆယ်စုနှစ်တစ်စုတောင်ကြာခဲ့ပြီလေ

သည်ကာလတွေကို ဖြတ်သန်းရင်းနဲ့

ရင့်ကျက်လာတဲ့ အသိစိတ်က

ကိုယ့်အတ္တကိုအလေးမမူပဲ

တစ်ပါးသူရဲ့ခံစားချက်ကို တွေးပူပေးလာတတ်ခဲ့တယ်……။

ဒီအသိစိတ်နဲ့တွေးကြည့်တဲ့အခါ

ခွဲခွာခဲ့တဲ့နေ့ကဖြစ်အင်တွေကို

မနေ့တစ်နေ့ကလိုပြန်မြင်ယောင်နေရတယ်အမေ

ကားပေါ်ကို သားအတက်

အမေအရုပ်ကြိုးပြတ်ထိုင်ချ

မျက်ရည်တတွေတွေကျ

လက်ပြနှုတ်ဆက်ခဲ့တယ်နော်….

အသဲမာခဲ့တဲ့သား

ခုတော့ခံစားတတ်ပါပြီ …

ခွဲခွာခဲ့တဲ့နေ့ကစပြီး

ညကြီးမိုးချုပ် ကားဝင်ချိန်ထိငုပ်တုပ်ထိုင်ကာ

ပေါ်မလာနိုင်တဲ့သားကို နေ့စဉ်မျှော်ရှာတယ်တဲ့

ပြောပြတဲ့အဒေါ့်စကားသံအဆုံး

မျက်ရည်လှိုင်းလုံးတွေကထိန်းမရ

တလှိမ့်လှိမ့်ကျသည်အထိ

အမေ့မေတ္တာတွေက

ရင်ကိုထိရှလွန်းတယ် အမေရယ်….။

အမေ….

သံသရာတစ်ခွင်

ကျင်လည်ရှင်သန်

သားရဲ့အားမာန်တွေဟာ

အမေ့မျက်ရည်တွေလားဆိုပြီး

ဒွိဟစိတ်နဲ့ ဝေခွဲမရဖြစ်နေပြီလေ..

အတ္တကိုဖယ်ခွာ မာနကိုချနင်း

ဘ၀၀င်္ကပါကိုဖြတ်သန်းရင်းနဲ့

“အမေ” ဆိုတာ တုနှိုင်းမဲ့မေတ္တာရှင်ဆိုတာ

သိလာချိန်ဝယ်……

ငယ်စဉ်ကာလ အညာဒေသ

ဆောင်းကာလတွင်

အမေ့ရင်ခွင် ခိုဝင်မှေးစက်

အိပ်ခဲ့ရက်တွေ ပျောက်ကွယ်လေပေါ့…။

အိပ်ရာဝင်ငြား ရွှေကျားပုံပြင်

နားဆင်ခွင့်တွေေ၀၀ါးလေပေါ့…။

ကျောင်းမသွားခင် အမေ့ရင်သို့

ခေါင်းခွေ့တိုးဝင် ပျော်ရွှင်ရသည့်

အချိန်လေးတွေ ဝေးလွင့်လေပေါ့…။

ကျောင်းကအပြန် အမေ့ထံတွင်

စာအံခွင့်တွေ ဆုံးရှူံးလေပေါ့…။

ဘုရားပွဲထဲ မေ့လက်ဆွဲကာ

ဟိုဟာဒီဟာ ၀ယ်ပေးပါလို့

ပူဆာခွင့်တွေ ကျန်ရစ်လေပေါ့….။

ဒါတွေအားလုံး

ရည်မှန်းချက်နှလုံးသားနဲ့လဲခဲ့တဲ့သား

မှားသလားလို့မေးသံမှာ

အမေ ငြင်းဆန်ခဲ့တယ်…..။

တစ်နှစ်တစ်ခေါက် အိမ်ပြန်ရောက်နိုင်ဖို့ကြိုးစား

စိတ်သွားတိုင်းကိုယ်မပါတဲ့ဘဝ

အမေကတော့ ချောင်းပေါက်မကလာခဲ့တယ်…။

အိမ်အပြန် ကိတ်မုန့်တစ်လုံးနှစ်လုံးလောက်နဲ့သာ

ချွေးသိပ်ကန်တော့နိုင်ရှာပေမယ့်

ဆန်တစ်အိတ် ပဲတစ်တင်း

လာတိုင်းအတင်းပေးတဲ့အမေက

“ဒီလောက်ပေးရတာ အားမရဘူးတဲ့”လေ

သုံးဖို့မုန့်ဖိုးကို အကျီ င်္အိတ်ထဲ

မသိအောင်ထိုးသိပ်ထည့်သွားတက်သေးတာ…။

ခုတော့

အိပ်ယာထက်မှာ ရောဂါနှိပ်စက်

လေဖြတ်ပြီး ပတ်လက်ဖြစ်နေတာတောင်

တာဝန်တွေကြား ငါ့သားလေးဗျာများနေရှာမယ်

“အကြောင်းမကြားပါနဲ့” တဲ့လေ

အဲဒီ… အမေကပေါ့ …..။

အမေရယ်…

ခွင့်ကလေး ငါးရက်

လမ်းခရီးမှာ နှစ်ရက်ကြာ

အမေ့ဘေးမှာနေတာ သုံးရက်

ပတ်လက်ဖြစ်နေတဲ့အမေ့ကိုထား

ဘယ်လိုအင်အားနဲ့ သားပြန်နိုင်မှာလဲ ? …။

ဖြစ်ချင်တာဖြစ် အမေ့ဘေးမှာနေရစ်ဦးမယ်ဆိုတော့

“အမေ့ကိုချစ်ရင် ခုချက်ခြင်းပြန်ဖို့ပြင်တဲ့”

တစ်လုံးချင်း မပီမသနဲ့ပြောနေရတဲ့အမေက

သူ့သား ဒုက္ခရောက်မှာ စိုးနေရှာတာလေ….။

အမေ…

အမေ့ဆန္ဒ ပြန်ခဲ့ရသည်

မကြာတစ်နေ့ ထွေးပွေ့ယုယ

ပြုစုရဖို့ အမေ့နံဘေး

အပြေးလာမည်

လောလတ်ချိန်တွင် မေ့ရင်ခွဲခွာ

ကျရာဝန်တာ ထမ်းဆောင်ပါလို့

တိုင်းပြည်အကျိုး သယ်ပိုးရွက်ဆောင်

မေ့သားမောင်ကို ခွင့်လွတ်ပါလေ

အို….အမေ..။