“တုံ…တုံ….တုံ….တုံ”

         ရွာဦးကျောင်းမှ တုံးမောင်းခေါက်သံများကို ရွှေလုံးတစ်ယောက် အိပ်ယာထဲမှနားစွင့်နေသည်။ အိပ်မှုံစံမွှားဖြင့် တုံးမောင်း ဘယ်နှစ်ချက်ခေါက်သွားလဲမသိ။ မျက်လုံးမဖွင့်ပဲ မီးဖိုးချောင်မှ အမေ့ကိုလှမ်းမေးလိုက်သည်။

“အမေ တုံးမောင်းဘယ်လောက်တီးသွားပြီလဲဗျ”

“ခုနှစ်ချက်တီးသွားပြီလေ”

“ဗျာ…ခုနှစ်ချက်” အလန့်တကြားရေရွက်ရင်း အိပ်ယာမှ လူးလဲထလိုက်သည်။ မနေ့ညက လေနည်းနည်းပြင်းသည်။ မနက်စောစော သရက်ကင်းသွားကောတ်မည်ဟု အားခဲထားသည်။ ဆရာမကလည်း ဒီနေ့မှအလီတွေကျက်ခိုင်းထားသဖြင့် ညကအိပ်ချိန်နောက်ကျသွားသည်။ ဒီအချိန်ဆို မိနှင်းတို့အမွှာညီအစ်မနှစ်ယောက်များ သရက်ခြံရောက်များနေမလားဟု တွေးမိရင်း မျက်နှာသစ်ရတာ စိတ်မဖြောင့်။ မိနှင်းတို့ညီအစ်မနှစ်ယောက်နှင့်သူက သရက်ကင်းလုကောတ်နေကြဖြစ်သလို အတန်းလည်း အတူတူ။ ကစားဖော်ကစားဖတ်တွေ။ နောက်ကျလျင် သူတို့ခွဲပေးသလောက်သာရမည်။ မဖြစ်သေးပါဘူး… မြန်မြန်သွားမှဟု တွေးကာ

“အမေ..ကျွန်တော်သရက်ခြံသွားပြီ” လွယ်အိတ်ထဲကစာအုပ်တွေထုတ်ရင်းပြောလိုက်သည်။

“ဟဲ့….ထမင်းကြမ်းစားသွားဦးလေ” ဟုအမေ့စကားက အိမ်ထဲမှာကျန်ခဲ့သည်။ ရွှေလုံးရဲ့ခြေထောက်တွေက အိမ်အပြင် ရောက်သွားပြီ။ ဘုရားသိကြားမလို့ မိနှင်းတို့တွေ သရက်ခြံမရောက်သေးပါစေနှင့်ဟုဆုတောင်းရင်း ရွှေလုံးတစ်ယောက် သရက်ခြံဆီအပြေးသွားသည်။ သရက်ခြံရောက်လျင် ဦးကြီးကောင်းအပင်အရင်ကောတ်မည်။ ပြီးလျင်အရီးသောင်းအပင်၊ ပြီးမှ ကျန်တဲ့အပင်တွေကောတ်မည်။ ဦးကြီးကောင်းအပင်နှင့်အရီးသောင်းအပင်က သရက်ကင်းအကြွေများသည်။ စားလို့ကောင်း သဖြင့် ရောင်းကောင်းသည်ဟု အကြော်သည်ဒေါ်စောလှကြီးကပြောသည်။ သရက်ကင်းဝယ်သူတွေက စိမ်းစားသီးဟုပြောသည် ကိုကြားဖူးသည်။ ရွှေလုံးတို့တစ်တွေကတော့ သရက်ပင်အမျိုးအစားတွေမသိ။ သရက်ပင်ကိုပိုင်ရှင်နာမည်တွေနှင့် တွဲမှတ်ထားသည်။ ဦးကြီးကောင်းပိုင်သည့်အပင်ကို ဦးကြီးကောင်းအပင်၊ အရီးသောင်းပိုင်သည့်အပင်ကို အရီးသောင်းအပင် စသည်ဖြင့်…။ ရွှေလုံးကျောင်းမသွားခင် သရက်ကင်းကောတ်နေကြ။ ရလာသည့်သရက်ကင်းများကို စကောထဲတွင် တုတ်တံလေးများခြား၍ တစ်ပုံ ၅ ကျပ်ဖြင့်ရောင်းရန် ဒေါ်စောလှကြီးဆီအပ်ထားခဲ့သည်။ ညနေကျောင်းပြန် ဒေါ်စောလှဆီမှ သရက်ကင်းဖိုးများယူ၍ စုဗူးထဲတွင်စုထားသည်။ ခုဆိုစုဗူးလေးပြည့်နေလောက်ပြီထင်သည်။ မနေ့ညကလှုပ်ကြည့်တော့ ဂလိုင်သံမကြားရ။ ရွှေလုံးအလီကျက်ရင်း ခဏခဏလှုပ်ကြည့်ဖန်များတော့ အမေက

“ကဲပါသားရယ် စာကျက်ပြီးရင်အိပ်တော့၊ မနက်မထနိုင်ပဲဖြစ်နေဦးမယ်”

“ဟုတ်ကဲ့ပါ အမေရ၊ မနက်ကျနှိုးဦး” ဟုပြောရင်း အိပ်ယာဝင်ခဲ့သော်လည်း ချက်ခြင်းအိပ်မပျော်သေး။ ဒီနှစ်ဘုရားပွဲ ကြရင် လွယ်အိတ်လေးတစ်လုံးဝယ်မည်။ ကွန်ပါဗူးလည်းဝယ်ရဦးမည်။ မနေ့ကမိနှင်းတို့ညီအစ်မက အတန်းထဲတွင်ကြွားသွား သည်။ သရက်ကင်းရောင်းလို့ရတဲ့ပိုက်ဆံတွေစုပြီး ငါတို့လွယ်အိတ်အသစ်တွေဝယ်ထားသည်တဲ့။ ဟုတ်သည် သူတို့ညီအစ်မနှစ် ယောက် လွယ်အိတ်လေးတွေလှသည်။ သူလည်းဝယ်ရဦးမည်။ သူ့လွယ်အိတ်က နှစ်တန်းကတည်းက အမေ၀ယ်ပေးထားတာ ခုလေးတန်းဆိုတော့ နှစ်နှစ်ရှိပြီ။ အမေက ကောင်းသေးတယ်ပြောသော်လည်း ရွှေလုံး မကြိုက်တော့။ ရေလျှော်ပါများသည့် အပြင် သရက်ကင်းတွေထည့်ပါများ၍ ရွဲတဲတဲဖြစ်နေပြီ။ အတွေးများနေသည့်ကြားက အလီကိုပြန်ဆိုနေသေးသဖြင့် ရွှေလုံး အိပ်မပျော်ပဲ မနက်စောစောမနိုးခြင်းဖြစ်သည်။

သရက်ခြံရောက်တော့ ရွှေလုံးတစ်ယောက်ဝမ်းသာသွားသည်။ မိနှင်းတို့အရိပ်အယောင်ကိုမတွေ့ရ။ သေချာသည် … ဒီနှစ်ယောက် မရောက်သေး။ မဟုတ်လျင် သူတို့အသံတွေကို သရက်ခြံမရောက်ခင်ကကြားရသည်။ သူတို့တွေလည်း ညကအလီကျက်နေရသဖြင့် မနက်မထနိုင်ခြင်းဖြစ်မည်။ တွေးထားသည့်အတိုင်း ဦးကြီးကောင်းအပင်ကို အရင်သွားသည်။ တစ် လုံးနှစ်လုံးပဲတွေ့သည်။ သရက်ကင်းတွေဘယ်သူကောတ်…..။ သရက်ရွက်အခြောက်တွေကို ခြေထောက်နှင့်ကန်ကြည့်သည်။ သရက်ကင်းကိုကားမတွေ့ရ။ အရီးသောင်းအပင်အောက်သွားကောတ်သည်။ ဒီမှာလည်း အတူတူ။ ရွှေလုံးစဉ်းစားကြည့်သည်။ ညကလေနည်းနည်းပြင်းသည်။ သရက်ကင်းအကြွေများရမည်။ ခုသရက်ကင်းတွေဘယ်ရောက်ကုန်လည်း။ မိနှင်းတို့ညီအစ်မ လာကောတ်သွားကြလို့လား..။ မဖြစ်နိုင် သူတို့ညီအစ်မကသရဲကြောက်သည်။ သရက်ခြံကိုစောစောမလာရဲကြ။ ဒါဆို ဘယ်သူ လာကောတ်သွားသလည်…။ ရွှေလုံးမတွေးတတ်။ ဟိုဟိုဒီဒီလျှောက်ကြည့်နေစဉ် သရက်ခြံအကျော် လယ်ကွင်းတွေကြားက လမ်းလျှောက်လာသည့် ဘကြီးအောင်ကိုတွေ့ရသည်။ ဘကြီးအောင်လက်ထဲတွင် လွယ်အိတ်တစ်လုံးဆွဲလာသည်။ ရွှေလုံးအနားရောက်တော့

“ဟေး….ရွှေလုံး သရက်ကင်းလာကောတ်တာလား” ဟုမေးသည်။

“ဟုတ်တယ်..ဘကြီးအောင်၊ သရက်ကင်းတွေမရှိတော့ဘူးဗျ၊ ဘယ်သူကောတ်သွားလည်းမသိဘူး”

“ဘကြီးကောတ်တာကွ..ညကလေပြင်းတော့သရက်ကင်းတွေ တော်တော်ကြွေတယ်၊ လွယ်အိတ်တစ်လုံးအပြည့်ပဲ” ဟုပြောရင်း လွယ်အိတ်ကိုပြသည်။ ဒီလွယ်အိတ်တစ်လုံးနှင့်အပြည့် သရက်ကင်းတွေက သူ့ဟာဖြစ်ရမှာဟု ရွှေလုံးတွေးမိရင်း ဘာမှပြန်မပြောမိ။

“ကဲ..ဘကြီးသွားဦးမယ်။ ညကြရင် မင်းတို့သားအမိ ထမင်းလာစားလှည့်၊ မင်းအမေသန်းလှကိုလည်း ညစာမချက်နဲ့ တော့လို့ ပြောလိုက်ဦး”

“ဟုတ်ကဲ့…ဘကြီးအောင်” ပြောသာပြောလိုက်ရသည် ရွှေလုံးအသံကစိတ်မပါ။ ရွှေလုံးအမေ့ကိုစိတ်တိုသည်။ မနက်ကမနှိုးလို့ သရက်ကင်းမရတော့။ ပြန်ရင်အမေ့ကိုပြောရမည်။ ရွှေလုံးစဉ်းစားနေစဉ် မိနှင်းတို့ ညီအစ်မရောက်လာသည်။ အငယ်မ မိသင်းက

“ဟဲ့..ရွှေလုံး..သရက်ကင်းဘယ်လောက်ရတုံး..ငါတို့ခွဲပေဦး”

“နင်တို့ခွဲပေးဖို့နေနေ..ငါတောင်မရဘူး…ကြည့်” ဟုဆိုကာ လွတ်အိတ်ဖွင့်ပြလိုက်သည်။

“အေးနော်…ဘကြီးအောင်နဲ့လမ်းမှာတွေ့တယ်..သူကောတ်သွားတယ်တဲ့၊ ညကျ ငါတို့ကိုထမင်းစားခေါ်သွားသေးတယ်”

“အင်း၊ ငါ့ကိုရောပဲ……နင်တို့အလီတွေရပြီလား…မရရင်ဆရာမက ခုံပေါ်မက်တပ်ရပ်ရမယ်ပြောထားတယ်”

“ရပါတယ်ဟာ….”

ပြောသာပြောရသည်။ သူတို့စိတ်ထဲ သိပ်မကြည်။

ရွှေလုံးအိမ်ပြန်ရောက်ရောက်ချင်း အမေ့ကိုလိုက်ရှာပြီးပြောသည်။

“အမေ”

“ဘယ်လိုဖြစ်လာတာတုန်းသားရယ်၊ အလောတကြီးနဲ့”

“အမေ..ဘာလို့ မနက်စောစောမနှိုးလဲ၊ ခု သရက်ကင်းမရတော့ဘူး”

“သြော်သားရယ်ညတုန်းက သားအိပ်တာနောက်ကျတာကိုး၊ အိပ်ရေးမ၀မှာဆိုးလို့မနှိုးတာ၊ တစ်ရက်တစ်လေပဲဟယ်”

“အမေကတစ်ရက်တစ်လေပြောနေ ညကလေပြင်းတယ်ဗျ။ သားဘကြီးအောင်နဲ့တွေ့တယ်၊ ညထမင်းလာစားလှည့်တဲ့၊ ညစာ မချက်နဲ့လို့ပြောသွားတယ်”

“သားကဘကြီးအောင်နဲ့ဘယ်မှာတွေ့ခဲ့လို့တုန်း”

“သရက်ခြံမှာ..ဘကြီးအောင်ကသရက်ကင်းတွေကောတ်သွားတာ”

အမေကပြုံးပြီး

“အေးပါဟယ်..ကဲ..ရေချိုး၊ ထမင်းစားတော့..ကျောင်းနောက်ကျနေဦးမယ်”

ရေချိုး၊ထမင်းစားပြီး ကျောင်းသို့ထွက်လာခဲ့သည်။ ကျောင်းရှေ့ဒေါ်စောလှကြီးအကြော်တဲရောက်တော့ သရက်ကင်း လာမအပ်တော့ဘူးလားဟုမေးသည်ကို ဖြေရသေးသည်။ တစ်နေ့လုံးစာသင်ရတာလည်း စိတ်ပါလက်ပါမရှိ။ နောက်နေ့စော စောထရမည်။ ဘကြီးအောင်က မနက်စောစောလမ်းလျှောက်တတ်သည်။ ဘကြီးအောင်ထက်စောထနိုင်မှ သရက်ကင်းရနိုင် မည်။ တော်သေးသည် ဆရာမအလီမေးသည်ကို ဖြေနိုင်၍ ခုံပေါ်မက်တပ်မရပ်ရ။ ကျောင်းဆင်း ဒေါ်စောလှကြီးအကြော်တဲ ရှေ့ကဖြတ်အပြန် သရက်ကင်းဖိုးငွေတောင်းမည်ဟု ကြံလိုက်သေးသည်။ နောက်မှ သတိရပြီး မတောင်းဖြစ်။

အိမ်ပြန်ရောက် မိနှင်းတို့ညီအစ်မနှင့်ကစားနေစဉ် ဘကြီးအောင်အိမ်သွားဖို့အမေကခေါ်သည်။ မိနှင်းတို့တွေပါလိုက် လာသည်။ ဘကြီးအောင်အိမ်သွားသည့်လမ်းတွင် အမေက အရီးသောင်း၊ ဘွားလေးမြ တို့ကိုအော်၍နှုတ်ဆက်သည်။ အမေက အမျိုးတွေစပ်ပြသည်။ ဘယ်သူက ဦးကြီးတော်သည်၊ ဘယ်သူက ဘယ်လိုတော်သည်။ မိနှင်းတို့ညီအစ်မနှင့်လည်း မောင်နှစ်မနှစ်ဝမ်းကွဲတော်သည်တဲ့။ ရွှေလုံးနားမလည်။ တစ်ရွာလုံးအမျိုးတော်သည်ဟုသာ မှတ်ထားလိုက်သည်။ ဘကြီးအောင် အိမ်ရောက်တော့ အမေကကိုယ်တိုင်ခူးခပ်ပြီးကျွေးသည်။ ရွှေလုံး၊ မိနှင်းတို့ ကလေးတွေကထမင်းစားသည်။ လူကြီးတွေ ကမစားသေး၊ ရေနွေးကြမ်းသောက်ရင်း စကားကောင်းနေကြသည်။ ရွှေလုံး စိတ်နာနာနှင့် သရက်ကင်းချက်ကို အများကြီးစား ပစ်လိုက်သည်။

ဒီည စာစောစောကျက်ပြီးစောစောအိပ်ရမည်။ မနက်စောစောထမည်။ မအိပ်ခင်အမေ့ကိုသေချာမှာရသေးသည်။ တုံးမောင်း ၆ ချက်တီးရင်နှိုးဖို့။ အိမ်မက်ထဲတွင် ဘကြီးအောင်နှင့်သရက်ကင်းအပြိုင်ကောတ်သေးသည်ဟုမက်သည်။ ရွှေလုံး မနက်အစောကြီးနိုးနေသည်။ မီးဖိုထဲရေနွေးတည်နေသောအမေက ၄ နာရီပဲထိုးသေးတယ် ပြန်အိပ်ဦးဟုဆိုသည်။ ရေ သောက်ပြီးပြန်အိပ်သည်။ ကောင်းကောင်းအိပ်မပျော်။ ရွာဦးကျောင်းက အုန်းမောင်းသံကိုသာနားစွင့်နေမိသည်။

“တုံး၊ တုံး၊ တုံး၊ တုံး၊ တုံး၊ တုံး”

ဟော..ခြောက်ချက်တီးပြီ။ ရွှေလုံးမျက်နှာသစ်၍ အမေ့ကိုပြောပြီးသရက်ခြံဖက်ထွက်လာခဲ့သည်။ ဒီနေ့တော့ ဘကြီး အောင် ထက်စောမည်ဟုတွေးရင်း ခြေလှမ်းတွေသွက်နေသည်။ သရက်ခြံရောက်ခါနီး သရက်ပင်တွေအောက် ကုန်း၍ကုန်း၍ သရက်ကင်း ကောတ်နေသည့် လူတစ်ယောက်ကိုတွေ့ရ၏။ ဘကြီးအောင်ဖြစ်မည်ထင်သည်။ ရွှေလုံးစိတ်ညစ်သွားပြီး ခြေလှမ်းတွေလေးကန်သွားသည်။ မှန်သည် ဘကြီးအောင်ပင်။

“ရွှေလုံးရေ သရက်ကင်းလာကောတ်သလားကွ”

“ဟုတ်ကဲ့..ဘကြီးအောင်”

“အေးအေး..ကောင်းတယ်ကွာ..မနက်စောစောထတော့ ကျန်းမာရေးလည်းကောင်းတာပေါ့ကွ”

“ဘကြီးအောင်ကပိုစောတော့ ကျွန်တော်သရက်ကင်းဘယ်ရတော့မလဲဗျ”

ဘကြီးအောင်က ရယ်ပြီး

“မနေ့က ဘုန်းကြီးဆွမ်းကပ်ဖို့သရက်ကင်းလာကောတ်တာပါကွာ၊ ဟောဟိုမှာ သရက်ကင်းတွေ ဘကြီးကောတ်ပြီး ပုံထားခဲ့တယ်၊ သွားကောတ်ချေ”

“ဟုတ်လား၊ ဘကြီးအောင်ကမကောတ်တော့ဘူးလား”

“မကောတ်တော့ပါဘူးကွာ၊ မနက်စောစောလမ်းလျှောက်ရင်း၊ သရက်ကင်းလေးတွေကောတ်ပြီးစုပေးထားတာ၊ ငါ့မြေးလာကောတ်ရင် အဆင်သင့်ဖြစ်တာပေါ့၊ မဟုတ်ဘူးလား၊ မိနှင်းတို့ညီအစ်မကိုလည်း ခွဲပေးလိုက်ဦး”

“ဟုတ်ကဲ့..ဘကြီးအောင်…”

ပျော်လိုက်သည်ဖြစ်ခြင်း။ ဘကြီးအောင်စုပေးထားသော သရက်ကင်းလေးများကို လွယ်အိတ်ထဲထည့်၍ပြန်လာသည်။ လမ်းတွင်မိနှင်းတို့ညီအစ်မနှင့်တွေ့၍ သရက်ကင်းခွဲပေးခဲ့သည်။ ဒီကနေ့ အမေကြော်ပေးသောထမင်းကြော် စားလို့အရမ်း ကောင်းနေသည်။

http://forverfriends.ning.com/၀တ္ထုတိုပြိုင်ပွဲတွင် ပထမဆုရရှိသည့် ၀တ္ထုတိုဖြစ်ပါသည်

aa