စနေနေ့ကျောင်းပိတ်ရက်ဆိုသော်လည်း ရွှေလုံးအတွက်တော့ အလုပ်နှင့်လက်မပြတ်ပေ။ ခုလည်း မိခင်ဖြစ်သူကို ကူ၍ ထင်းခွဲ၊ ရေချိုခပ် လုပ်ပေးပြီးနောက် ဘုရားသို့သွားရန်စဉ်းစားသည်။ ဘုရားသို့သွားချင်ရသည့်အကြောင်းက လည်းရှိသည်။ ဘုရားသို့သွား၍ ဘုရားဖူးများကို ခိုစာ၊ ငှက်စာလေးများရောင်းရင်း ဘုရားသမိုင်းကြောင်းကိုရှင်းပြပြီး ရရှိသည့်မုန့်ဖိုးလေးများစု၍ ကျောင်းဝတ်စုံလေးတစ်စုံဝယ်ချင်သည့်အတွက်ဖြစ်သည်။ လက်ရှိဝတ်နေသည့် ကျောင်းဝတ်စုံ လေးက မနှစ်က၀တ်စုံဖြစ်၍ ဟောင်းနွမ်းပြီးကျပ်ချင်နေသည်။ ကျောင်းဝတ်စုံအသစ်ဝယ်ချင်သော်လည်း စားရေးသောက် ရေးအတွက်ပင် မနည်းရုန်းကန်ရှာဖွေနေရသည့် အမေ့ကို အပူမကပ်ချင်၊ ဒီတော့ ရသည့်မုန့်ဖိုးကလေးများစုထားသည်မှာ စုဗူးကလေးပင်ပြည့်တော့မည်။ ဒီတစ်လကုန်ရင်တော့ စုဗူးကလေးခွဲပြီး ကျောင်းဝတ်စုံလေးဝယ်မည်ဟု စဉ်းစားမိတော့ ဘုရားသို့သွားမည့် စိတ်ကူးတို့က လက်တွေ့ဖြစ်လာသည်။

“အမေ…ဘုရားသွားဦးမယ်၊ ထမခြောက်တွေရှိသေးတယ်မလား”

“အိုးထဲမယ်ရှိသေးတယ်လေ၊ ခုပဲနေပူထဲ ရေချိုခပ်ပြန်လာတယ်မို့လား၊ အေးအေးဆေးဆေးနားပြီးမှသွားလေသားရဲ့”

“ဘုရားပေါ်မှာလည်း နားနေရမှာပါ အမေရဲ့၊ ခုချိန်ဆိုမိနှင်းတို့စောင့်နေလောက်ပြီ၊ သွားတော့မယ် အမေရ” ရွှေလုံးတစ် ယောက် မိခင်ဖြစ်သူမသန်းမြအားပြောဆိုရင်း ထမခြောက်များကိုတောင်းလေးထဲထည့်ကာ ဘုရားကုန်းသို့ ထွက်လာခဲ့ သည်။ ရွှေလုံးနောက်တွင်တော့ လက်ဆွဲတော် ဘိုမကား အမြီးတနံ့နံ့ဖြင့်…..။

            မိနှင်း၊ မိသင်းတို့ညီအစ်မကိုဝင်ခေါ်တော့ အမွှာနှစ်ယောက် အိမ်စာလုပ်နေရင်းတန်းလန်းမှ ရေအိုးတစ်ဖက်စာ အုပ်တစ်ဖက်ဖြင့် လိုက်လာသည်။ ဘုရားကုန်းရောက်တော့ လှေကားအဆင်းရှိ ညောင်ပင်ရိပ်တွင် နေရာပြင်ကြသည်။

“အကြီးနဲ့အငယ်…နင်တို့နှစ်ယောက်ကရေချိုသွားခပ်တုန်း ငါဆီးသီးသွားကောတ်ထားမယ် နင်တို့လွယ်အိတ်ပေး”

“အင်း၊ မြန်မြန်ပြန်လာခဲ့ဦး၊ နောက်ကျမနေနဲ့၊ ဒီ…ထမခြောက်တောင်း ဘယ်သူစောင့်မလဲ” မိသင်းကပြောသည်။

“ဘယ်သူမှ မယူပါဘူးဟာ၊ ပြီးတော့ ဘိုမကိုထားခဲ့မှာပဲဟာ၊ နင်တို့သာမြန်မြန်ပြန်လာခဲ့ကြ”

            ဘိုမကား အရမ်းလိမ္မာသောခွေးကလေးဖြစ်သည်။ ရွှေလုံးတို့ပြန်လာသည်အထိ ထမခြောက်တောင်းနားတွင် ခွေ ခွေလေးလှဲနေသည်။ ရွှေလုံးကလွယ်အိတ်ထဲမှ ထန်းလျက်တစ်လုံးကို ထုတ်၍ကျွေးလိုက်တော့ ထန်းလျက်ကြိုက်သော ဘိုမကား တစ်လုံးဖြင့်အားမရ၊ ရွှေလုံးကိုလက်ဖြင့်ပုတ်ကာအတင်းတောင်းသည်။ ရွှေလုံးနောက်တစ်လုံးထပ်၍ ကျွေးလိုက် ရ၏။

“အမယ်၊ ဆီးသီးသွားကောတ်တဲ့သူက ထန်းညက်တွေကောတ်လာတာလား၊ ငါ့လည်းပေးဦး” မိနှင်းကပြောသည်။

“မဟုတ်ဘူးဟ၊ ဆီးသီးကောတ်ရင်း ဦးမောင်ခင့်ထန်းတဲရောက်လို့တောင်းလာတာ၊ အများကြီးပါတယ်၊ နောက်မှစား ခုလောလောဆယ် ရေအိုးတွေပြင်ကြအောင်” ရွှေလုံးကပြောရင်း မိနှင်းနှင့် မိသင်းခပ်လာသည့်ရေအိုးများကို ဖိုခနောက် ဆိုင်ထားသည့် ခဲလုံးများပေါ်တွင်တင်သည်။ မိသင်းကလည်း အသင့်ပါလာသည့် ရေအိုးဖုံးများဖြင့်ဖုံးထားလိုက်သည်။ သဲပုံအိုးစစ်စစ် ရေအိုးလေးနှစ်လုံးမှာ ညောင်ပင်ရိပ်အောက်တွင် စိုစိုပြေပြေဖြင့် သောက်ချင်စဖွယ်ပင်။ ထမခြောက် တောင်းကို ရေအိုးနှစ်အိုးနှင့်ယှဉ်၍ထားလိုက်သည်။

            ဆီးသီးစားလိုက်အိမ်စာလုပ်လိုက်၊ ထန်းလျက်စားလိုက်ရေသောက်လိုက်ဖြင့် အချိန်တွေသာကုန်သွားသည် ဘုရားဖူးကား ပါးလွန်းလှသည်။ တစ်ဖွဲ့စနှစ်ဖွဲ့စလာသော်လည်း အခြားကလေးများမှ လက်ပံပင်ဇရက်ကျသကဲ့သို့ အုံဖွဲ့နေ သဖြင့် ရွှေလုံးတို့ကား မသွားတော့။

“ဟဲ့…ရွှေလုံး ငါတို့အိမ်စာတွေတောင်ပြီးတော့မယ်နော်၊ ဘုရားဖူးကလည်းနည်းလိုက်တာ” မိနှင်းကပြောသည်။

“အေးဟ၊ အရမ်းပူတော့ ဘုရားဖူးတွေအလာနည်းတာဖြစ်မယ်၊ ဘာပဲဖြစ်ဖြစ်ဟာ အိမ်စာတွေပြီးတာပေါ့” ရွှေလုံးစကားဆုံး သေး မိသင်းက..

“အောင်မယ်….နင်ကဖြင့် အိမ်စာလုပ်အောင် စာအုပ်တောင်ယူမလာပဲ ဘယ်လိုလုပ်ပြီးမလည်း”

“ငါက အိမ်ပြန်ရင်လုပ်မှာပေါ့၊ ခု နင်တို့နဲ့အတူလုပ်ထားတော့ ပိုမှတ်မိတာပေါ့ဟ”

“တစ်ခါတည်း ကျောင်းစာအုပ်တွေယူလာရင် ပြီးတဲ့ဟာကို”

            ရွှေလုံးတို့စကားကောင်းနေစဉ်ပင် ဘုရားဖူးကားတစ်စီးရောက်လာသည်။ ကျန်ကလေးများမရှိသဖြင့် ရွှေလုံးတို့ ဧည့်ကြိုခွင့်ရလိုက်သည်။

“ရေအေးလေးသုံးဆောင်ပါဦးရှင်၊ ဘုရားလည်းအေးအေးဆေးဆေးဖူးလို့ရပါတယ်ရှင်”

“ဟုတ်ပါတယ်ခင်ဗျာ၊ ဘုရားသမိုင်းကြောင်းနဲ့ပတ်သက်တာတွေလည်း သားတို့ပြောပြပေးပါမယ်ခင်ဗျာ” ရွှေလုံးစကားအ ဆုံးမှာပင် ဘိုမနှင့် အခြားခွေးစုတ်ဖွားလေးတစ်ကောင် တစ်ဝုတ်ဝုတ်ဖြင့် အချင်းချင်းရန်စောင်နေသံများကိုကြားရသည်။

“အပါး…အပါးလုပ်ပါဦး စူဇီ့ကို ဟိုခွေးကြီးကိုက်နေတယ်”  ဘုရားဖူးအဖွဲ့အတွင်းမှ ကလေးမလေးတစ်ယောက်က အလန့်တ ကြား အော်ပြောသည်။ ရွှေလုံးတို့ဧည့်ဝတ်ပြုနေသည့်အဖွဲ့တွင်းမှ အရွယ်ခပ်လတ်လတ်လူကြီးတစ်ဦးက ခဲတစ်လုံးကောတ် ကာ ဘိုမကိုပစ်လိုက်သည်။ မြေကြီးကိုထောက်ပြီး ဘိုမကိုမှန်သည်။ ထိုလူကြီးက ထပ်၍ပစ်ရန်ပြင်သည်။

“မပစ်ပါနဲ့ခင်ဗျာ…. ကျွန်တော့်ခွေးပါ…ဘိုမ…လာ…လာ..အို့အို့” ရွှေလုံးကမန်းကတမ်းပြောရင်း ဘိုမကိုပါတစ်ဆက်တည်း ခေါ်လိုက်သည်။ ခဲမှန်ထားသဖြင့် တအီအီအော်ရင်း ရွှေလုံးနံဘေးတွင်ဝပ်နေသည်။

“အပါး ကြည့်ပါဦး… စူဇီလေးနာသွားလားမသိဘူး” ကလေးမလေးက ခွေးစုတ်ဖွားလေးကိုပိုက်ထားရင်း ခဲနှင့်ပစ်လိုက် သည့်လူကြီးကိုပြသည်။ ခွေးစုတ်ဖွားလေးကိုကြည့်ပြီး

“ဟေ့..ကလေး…မင်းခွေးကိုသေချာကြည့်မှပေါ့ကွ၊ ခွေးကရူးလား၊ ကောင်းလားမသိနဲ့”

“ကောင်းပါတယ်ရှင်၊ ဘိုမက မကိုက်တက်ပါဘူး၊ လိမ္မာပါတယ်ရှင်” မိသင်းက ၀င်ပြောသည်။

“အေး…ကိုက်ရင်လည်း တစ်ခါတည်းသတ်ပစ်မယ်….လာသမီး” လူကြီးကဒေါသသံဖြင့်ပြောကာထွက်သွားသည်။

“ဒီနေ့ ကံမကောင်းဘူးဟာ… ဘုရားဖူးဧည့်သည်ရမယ်ကြံတယ် ပျက်သွားပြန်ပြီ” မိနှင်းကညဉ်းသည်။

 “ပျက်ပစေ၊ သူတို့တွေလိုမျိုး ရှင်းမပြရတာပိုကောင်းသေး၊ ဒီလောက်ဒေါသကြီးနေတာ ဘုရားဖူးလာသေးတယ်..နောက်ပြီး သူတို့ခွေးက ဘိုမိဆော့နေတဲ့ ပလက်စတစ်စကိုလာလုလို့ ဘိုမကဟောင်တာကိုခဲနဲ့ပစ်သေးတယ်..ဟွန်း မတရားလုပ်တာ” မိသင်းက မခံရပ်နိုင်ဖြင့်ပြောသည်။

“တော်ပါတော့ အငယ်မရာ၊ ပြဿနာဖြစ်လို့ ဂေါပကတွေရောက်လာရင် ငါတို့ပဲအဆူခံရမှာ၊ တော်ကြာ မလာနဲ့ပြောနေရင် အခက်၊ ဘိုမလေးပဲသနားတယ်” ဘိုမခေါင်းလေးကိုပွတ်ကာ ထန်းလျက်လေးကိုကျွေးရင်း ရွှေလုံးကပြောသည်။

“ကလေးတို့၊ အဘရေသောက်ဦးမယ်”  စကားသံကြားမှ ရွှေလုံးတို့​ရှေ့တွင်ရောက်နေသည့် လူကြီးတစ်ဦးကိုသတိထားမိ သည်။ ရွှေလုံးက ရေတစ်ခွက်ခပ်ပေးကာ

“သောက်ပါ ဘဘ၊ အမောပြေဆီးသီးလည်းစားပါခင်ဗျာ”

“ကျေးဇူးပါကွယ်၊ ဒါနဲ့ ခုနက ကလေးပြောသံကြားမိပါတယ်၊ ဘုရားရဲ့သမိုင်းကြောင်းကိုပြောပြပေးနိုင်တယ်ဆို၊ အဘ လည်းသိချင်နေတာနဲ့အတော်ပဲ ပြောပါဦးကွဲ့” လူကြီးက ရေသောက်ပြီးနောက် ရွှေလုံးတို့အနားဝင်ထိုင်ကာပြောသည်။ “ဟုတ်ကဲ့ ဘဘ၊ ဒီဘုရားကုန်းက ဘုရားအလောင်းတော် အောက်ချင်းငှက်ဘ၀ကနေခဲ့တဲ့ကုန်းတော်ပါ၊ ဒီဘုရားကို တည်ထားတဲ့သူကတော့ အလောင်းစည်သူမင်းကြီးပါ၊ ဘုရားကိုထုဆစ်ပေးတဲ့သူကတော့ သိကြားမင်းလို့ဆိုပါတယ် ဘဘ၊ အလောင်းစည်သူမင်းကြီးက မြင့်မိုရ်တောင်ကိုသွားချင်တဲ့ဆန္ဒရှိတယ်၊ ဘုန်းကံကြီးမားတဲ့မင်းဖြစ်တဲ့အတွက်သွားနိုင်တယ် လို့ဆိုပါတယ်၊ သိကြားမင်းက မြင့်မိုရ်တောင်ကိုလူတွေမရောက်အပ်လို့ အမျိုးမျိုးတားပြီး နောက်ဆုံးမှာမရတဲ့အတွက် မြင့် မိုရ်တောင်မှာသာပေါက်တဲ့ သရက္ခန်အနှစ်တုံးနဲ့ဓာတ်တော်တွေကိုယူပြီးမင်းကြီးကိုပေးပါတယ်ဘဘ၊ မင်းကြီးက သရက္ခန် အနှစ်တုံးနဲ့ ဘုရားငါးဆူထုရမယ်ဆိုရင် သေးလွန်းလှတယ်လို့မိန့်တော်မူတာနဲ့ သိကြားမင်းကိုယ်တောင် အလောင်းစည်သူ မင်းကြီးရဲ့လက်လေးသစ်ခန့်စီကို ဆင်းတုတော်ထုပြီးပေးတော်မူပါတယ်၊ မင်းကြီးလည်း ဥာဏ်တော်က လက်လေးသစ်ဆို တော့ဖူးရတာအားမရဘူးဆိုတာနဲ့ သိကြားမင်းက ဇမ္ဗုသပြောသားကို ဥာဏ်တော်တစ်တောင်ခန့် ဘုရားဆင်းတုတော်ထု၊ အထဲမှာမှ သရက္ခန်ဘုရားနဲ့ဓာတ်တော်တွေကိုဌာပနာပြီး မင်းကြီးကိုဆပ်ကပ်ပါတယ်ဘဘ၊ နောက်ဆုံးဆင်းတုတော်ထုရာ မှာပိုတဲ့ သရက္ခန်သားနဲ့ဇမ္ဗုသပြောသားတွေကိုပေါင်းကြိတ်ပြီး ဆင်းတုတော်ထုပြီး မြတ်ပေါင်းမဉ္စူ ဘွဲ့ပေးပြီးမင်းကြီးကို ဆပ်ကပ်ပါတယ်ဘဘ” ရွှေလုံးက ရှည်လျားစွာရှင်းပြသည်။

“ဟ..ငါ့မြေးကတော်လိုက်တာ အကုန်သိနေတာပဲ” လူကြီးကပြုံးရင်းပြောသည်။

“ကျန်သေးတယ်ဘဘရဲ့၊ မင်းကြီးကဆင်းတုတော်တွေအတွက်ပလ္လင်လုပ်ဖို့ကြံတော့ နတ်မင်းကြီးလေးပါးက ဟိမ၀န္တာမှာ ပေါက်တဲ့သစ်သားနဲ့ ဆင်ခံပလ္လင်တွေထုပြီးဆပ်ကပ်တယ်ဘဘရဲ့၊ ခုဘဘတို့ခုဖူးမယ့်ဘုရားကဆင်ခံပလ္လင်မှာ ဆင် ကောင်ရေ ဆယ့်ငါးစီးနဲ့အများဆုံးဖြစ်လို့ ဆင်းတုတော်ခြောက်ဆူမှာ နောင်တော်ကြီးလို့ဆိုကြပါတယ်ဘဘ” မိသင်းက လည်း အားကျမခံရှင်းပြသည်။

“ဒီမြေးလေးကလည်းတော်တာပဲ၊ လုပ်ပါဦး ဒီမြေးမလေးလည်း ဘဘကိုရှင်းပြပါဦးကွဲ့” မိနှင်းခေါင်းလေးကိုအသာပုတ်၍ ပြောသည်။

“ဟုတ်ကဲ့ဘဘ၊ မင်းကြီးက ဘုရားတွေအပူဇော်ခံမယ့်နေရာရွေးဖို့အတွက် ဆင်တော်တွေပေါ်မှာ ဆင်းတုတော်တွေတင်ပြီး ဆင်တော်တွေရပ်တဲ့နေရာမှာ ဘုရားတည်ပါမယ်လို့ အဓိဌာန်ပြုပြီး ဆင်တော်တွေကိုလွှတ်ပါတယ်ဘဘ၊ ဟိုးအရင်က ကူးသန်းကြီး၊ ခု..ပုခန်းကြီးရဲ့ ဘုရားအလောင်းတော်အောက်ချင်းငှက်ဘ၀ကနေတဲ့ ဒီကုန်းတော်ပေါ်မှာ နောင်တော်ကြီး ဆင်းတုတော်ကိုတင်တဲ့ဆင်နဲ့ မြတ်ပေါင်းမဉ္စူဆင်းတုတော်ကိုတင်တဲ့ဆင်တွေရပ်လို့ ဘုရားတည်ပြီးကိုးကွယ်ပါတယ်ဘဘ၊ မင်းကြီးက ငါ့အရှင်သခင် ဒီနေရာမှာကိန်းဝပ်သီတင်း သုံးတော်မူပါလို့ လျှောက်တင်တော်မူတာကိုအစွဲပြုပြီး…စည်သူသခင် လို့ခေါ်ဆိုရာကနေ စည်သူအရှင်..ခု စည်သူရှင်ဘုရား လို့ခေါ်ဆိုပါတယ်ဘဘ”

“ငါ့မြေးတွေအားလုံးတော်လိုက်တာကွယ်၊ ဘဘဖြင့်အကုန်လုံးကိုသိသွားတော့တာပဲ၊ ငါ့မြေးတွေကဘယ်မှာနေကြတာ လည်း၊ ဒီပုခန်းကြီးကပဲလား”

“ဟုတ်တယ်ဘဘ၊ ပုခန်းကြီး ရွာသာရပ်ကပါ” ရွှေလုံးကဖြေသည်။

“ကျောင်းစာအုပ်တွေနဲ့ဆိုတော့ ငါ့မြေးတို့ကကျောင်းသားတွေပေါ့”

“ဟုတ်ကဲ့ဘဘ၊ သမီးတို့အားလုံး စတုတ္ထတန်းရောက်ပါပြီရှင့်” မိသင်းကသွက်သွက်လက်လက်ဖြင့်ဖြေသည်။

“တော်လိုက်တာကွယ်၊ ကျောင်းပိတ်ရက် အလုပ်လုပ်နေကြတာပေါ့လေ ဟုတ်လား”

“ဟီး..ဟီး ဟုတ်ကဲ့၊ ဘဘကရောဘယ်ကနေဘုရားလာဖူးတာလည်း” မိနှင်းက ရှက်ကိုးရှက်ကန်းရယ်ရင်းပြောသည်။

“ဘဘက မန္တလေးကနေလာတာကွဲ့၊ ခုနငါ့မြေးတို့ကိုဆူသွားတဲ့ကားနဲ့ရှေ့ဆင့်နောက်ဆင့်ရောက်လာတာပေါ့”

“ဟုတ်လားဘဘ၊ ဒါဆိုဘုရားဖူးဦးလေ၊ တော်ကြာကားပြန်ထွက်ရင် ဘုရားမဖူးလိုက်ရပဲနေဦးမယ်ဘဘ”

“အေးဖူးတာပေါ့ကွာ၊ ဘဘကိုလည်းလိုက်ပြဦးနော်၊ ဒီထမခြောက်တွေကဘာလုပ်ဖို့လည်းကွ”

“ခိုလေးတွေ၊ စာလေးတွေကျွေးဖို့အတွက်ပါဘဘ”

“ဟုတ်လား…ဘယ်လိုရောင်းလဲကွဲ့၊ ဘဘလည်းပေးပါဦး”

“ဘယ်လောက်ဆိုပြီးရောင်းတာမဟုတ်ပါဘူးဘဘ၊ စေတနာရှိသလောက်ပဲယူတာပါဘဘ” ရွှေလုံးက ထမင်းခြောက် တောင်းလေးကိုမကာ လူကြီးဘေးမှလိုက်ရင်းပြောသည်။ ဘုရားဖူးပြီးနောက် လူကြီးနှင်းရွှေလုံးတို့သုံးယောက်သား ငှက်က လေးများကိုအစာကျွေးကြသည်။

“ဘဘတို့ ဘယ်ကိုဆက်သွားဦးမှာလည်း” ငှက်ကလေးများကိုအစာကျွေးရင်း ရွှေလုံးကမေးသည်။

“ပြန်တော့မှာ ငါ့မြေးရဲ့၊ ဘာလို့လည်း”

“သြော်.. ဘဘအချိန်ရရင်၊ ပုခန်းကြီးကရှေးမြို့ရိုး…ကျောင်းတော်ကြီး၊ ပြတိုက်တွေနဲ့ ဖောင်တော်ဦးဘုရား၊ ဘိုးတော်ဘု ရားနန်းဦးဆောင်မှာတည်ထားကိုးကွယ်တဲ့ နန်းဦးဘုရားတွေ..ရွှေဥမင်ဆရာတော်ဘုရားကြီးသီတင်းသုံးတော်မူခဲ့တဲ့ ကျောင်းတိုက်တွေ…ပြီးတော့ဦးမင်းကျော်နတ်ကွန်းတွေပါ လိုက်ပြမလို့ပါဘဘ”

“ဟုတ်လား…ငါ့မြေးတို့ရွာကဖူးစရာဘုရားတွေ.. ကြည့်စရာတွေနဲ့တယ်ပေါကိုးကွ၊ ဘဘ နောက်တစ်ခေါက်အေးအေး ဆေးဆေးလာခဲ့ဦးမယ်၊ အဲဒီတော့မှ လိုက်ပြနော်”

“ရွာမဟုတ်ပါဘူးဘဘရဲ့ ပုခန်းကြီးမြို့ဟောင်းပါ…၊ ဘဘလာမယ့်ရက်ကိုသမီးတို့မျှော်နေပါ့မယ်” မိသင်းက၀ံကြွားသံဖြင့် ပြောသည်။

“အေးကွယ်..ဘဘ လာခဲ့မှာပေါ့၊ ငါ့မြေးတွေကို ဘဘပြောရဦးမယ်၊ စာကြိုးစားပြီး ပညာတတ်အောင်သင်ပြီး ဘ၀ကိုမြင့် မားအောင်လုပ်ကြ၊ နောက်ပြီးငါ့မြေးတွေအသက်တွေကြီးပြီးချမ်းသာမယ်၊ ရာထူးရာခံတွေရှိလာမယ်ဆို ခုနလူတွေ ငါ့မြေး တို့အပေါ်ကိုဆက်ဆံသလို ဘယ်တော့မှ အထက်စီးကမဆက်ဆံနဲ့ကွဲ့၊ ကိုယ်မကြိုက်တဲ့အလုပ်ကို ဘယ်တော့မှ သူများအပေါ်မလုပ်လေနဲ့၊ ရိုးသားတဲ့အလုပ်၊ မှန်တဲ့အလုပ်ကိုလုပ်ရလို့လည်း ဘာမှအားငယ်စရာမလိုဘူး ငါ့မြေးတို့.. ဟုတ်ပြီလား”

“ဟုတ်ကဲ့ပါဘဘ” ရွှေလုံးတို့သုံးယောက်လုံးသံပြိုင်ဖြေသည်။ “ကဲရော့.. ဟောဒီမှာ ငါမြေးတို့အတွက် မုန့်ဖိုး တစ်ယောက် တစ်ထောင်စီ..၊ မုန့်ဖိုးဆိုလို့အလကားပေးတာမို့ဘူးနော်၊ ငါ့မြေးတွေက ပိုက်ဆံအလကားတောင်းတာမဟုတ်ဘူး၊ ကိုယ်တတ်နိုင်တဲ့အလုပ်ကိုလုပ်တဲ့အတွက် ဘဘကဆုချတာနော်၊ စာကြိုးစားပြီး ပညာတတ်ကြီးတွေဖြစ်အောင်ကြိုးစား ကြ.. ကားလည်းထွက်တော့မယ်… ဘဘသွားတော့မယ်”

“ခဏလေးနေပါဦးဘဘ” ရွှေလုံးကပြောသည်။ ထို့နောက်ရွှေလုံးတို့သုံးယောက်လုံး လူကြီးကိုကန်တော့ပြီး ကားအထိ လိုက်ပို့ပေးကြသည်။ ကားထွက်တော့ မျက်စေ့တစ်ဆုံးတိုင် လက်ပြ၍မဆုံးနိုင်။ သည့်နောက် နေ့ခင်းထမင်းစားရန်အ တွက် အိမ်ပြန်လာကြသည်။ ရွှေလုံးပျော်သည်။ မိနှင်းရော မိသင်းပါပျော်ကြသည်။ တစ်ယောက်လျင် တစ်ထောင်တန် အသစ်လေးတွေကိုယ်စီဖြင့်…..။ ရွှေလုံးတို့၏အပျော်သည် ဘိုမဆီသို့ပါကူးသွားလားမသိ။ ရွှေလုံးပေါ်ခုန်လိုက်၊ မိသင်းကို ဆွဲလိုက်၊ မိနှင်းကိုဟောင်လိုက် စလိုက်ဖြင့် အိမ်ပြန်လမ်းကား ပျော်ရွှင်ဖွယ်အတိပင်…..။