ငယ်ငယ်က မဂ္ဂဇင်းတစ်အုပ်တွင်ဖတ်ခဲ့ရဘူးသည့် အကြောင်းလေးကို မှတ်မှတ်ရရဖြစ်မိသည်။ ဆိုဗီယက်ယူနီယံသို့ အလည်သွာသည့်နိုင်ငံခြားဧည့်သည် တစ်ယောက် မော်စကိုမြို့တွင်းလှည့်လည်သွားနေ စဉ် လမ်းဘေး၌သတင်းစာပုံကြီးတစ်ပုံနှင့် ပိုက်ဆံထည့်သည့်ခွက်လေးတစ်ခုကိုတွေ့ရသည်။ သတင်းစာကို ယူသွားသည့် လူတိုင်းကလည်း ပိုက်ဆံများကို ခွက်လေးထဲထည့်သွားကြသည်။ ဒီတော့ သူ မနေနိုင်တော့၊ ဘေးနားရှိမုန့်ဆိုင်မှ မုန့်ရောင်းနေသည့် အဘွားကြီးတစ်ယောက်ကိုမေးသည်။ ဒီသတင်းစာကိုဘယ်သူရောင်း တာလဲ၊ ဒီလိုပဲထားတာလား၊ ပိုက်ဆံမပေးပဲယူသွားသည့်သူတွေမရှိဘူးလားဖြင့်။ ဒီတော့ အဘွားကြီးက ပြောသည်။ ဒီသတင်းစာကို သူရောင်းတာပါ၊ ဒါပေမယ့် သတင်းစာရောင်းတာကို အလုပ်လို့မသတ်မှတ်သည့် အတွက် သူလုပ်နိုင်သည့်  မုန့်ရောင်းသောအလုပ်ကိုလုပ်ခြင်းဖြစ်ပါသည်တဲ့။ သူလိုအဘွားကြီးက ဒီလို လုပ်သည့်အတွက်  အခြားအားစိုက်ရသည့်လုပ်ငန်းနယ်ပယ်များတွင် လူငယ်တွေမှ လုပ်ကိုင်ခြင်းဖြင့် နိုင်ငံ တိုးတတ်လာမည်ပေါ့တဲ့။ သတင်းစာကို အလကားယူသွားသည့်သူတွေမရှိပါ အားလုံးစည်းကမ်းရှိကြကြောင်း ပြန်ဖြေခဲ့သည်။ ကျွန်တော်တို့ဆီမှာရော…..။ ပြီးခဲ့သည့်နှစ်လောက်က ဆီဆိုင်တွင် နေ့ညမအိပ်စောင့်ကာ၊  ဆီ အရစောင့်ရင်း အပြင်ဆိုင်တွင်ပြန်သွင်းကာအလုပ်ဖြစ်နေသည့်လုပ်သားတွေ၊ ပြီးခဲ့သည့်တစ်လောက ဆိုင်ကယ် လိုင်စင်လုပ်ရန်အတွက်နေရာစောင့်ကာပြန်ရောင်းသည့် အလုပ်သမားတွေ၊ ကားဂိတ်များတွင် ဂျာနယ်လက်ပွေ့ ရောင်းနေသည့်အလုပ်သမားတွေ၊ KTV၊ စင်တင်၊ မာဆက် ကအလုပ်သမလေးတွေ…..စသည်ဖြင့်။ သူတို့တွေ အတွက်ကတော့ ၀မ်းစာအတွက်ရရအလုပ်ကို လုပ်ကြရမည့်သူတွေသာ။ သူတို့တွေ၏လုပ်အားကို နိုင်ငံ၏ အခြားအသုံးဝင်သည့်လုပ်ငန်းများတွင် အသုံးပြုနိုင်မည်ဆိုပါက….။ ကျွန်တော်တို့တွေ သတိမထားမိသည့် အချက် တစ်ချက်ပင်ဖြစ်ပါသည်။

         တစ်လောက ငယ်သူငယ်ချင်းအပေါင်းအဖော်များဆုံသဖြင့် စကားဝိုင်းဖွဲ့ပြောကြသည်။ ငယ်သူ ငယ်ချင်းများထဲတွင် နေရာပေါင်းစုံ၊ အလုပ်ပေါင်းစုံရောက်နေသည့်သူတွေပါသည်။ သူတို့ပြောသည့် အကြောင်း ထဲတွင် မှတ်သားစရာများပါသည်။ ရုရှနိုင်ငံသို့ရောက်ခဲ့ဖူးသည့် သူငယ်ချင်းကပြောသည်။ တစ်ညအိပ်မပျော်သ ဖြင့် ည ၂ နာရီခန့်အဆောင်ပြတင်းပေါက်နားသွားထိုင်နေစဉ် ကားလမ်းမဘက်သို့ငေးကြည့်မိသည်။ သူတို့ အဆောင်က လမ်းမကြီးနှင့်လမ်းသေးလေးဆုံရာတွင်ရှိပြီး မီးပွိုင့်တစ်ခုရှိသည်။ ကားလမ်းမဘက်ကြည့်မိစဉ် လမ်းမကြီးသို့ဝင်မည့်ကားတစ်ကား မီးနီမိ၍ ရပ်နေသည်ကိုတွေ့ရသည်။ သြော် ညအချိန်မတော်၊ လူရှင်းရှင်း၊ ကားရှင်းရှင်းတောင်မှ စည်းကမ်းလိုက်နာနေပါလား….။ နောက်ထပ်တစ်နာရီလောက်အချိန်ပေး၍ သူစောင့် ကြည့်မိသည်။ ကား သုံးစီးလောက် မီးနီနှင့်ကြုံသည်ကိုတွေ့ရသည်။ အားလုံးပင် ရပ်၍စောင့်ကြသည်။ သည်အ ချက်ကား သူတို့နိုင်ငံသားများ၏ စည်းကမ်းလိုက်နာသောအချက်။ သည်လိုအသေးအဖွဲလေးများပင် စည်းကမ်း တကျလိုက်နာသူများရှိသော နိုင်ငံအဖို့မတိုးတက်ပဲနေပါတော့မည်လား။ ကျွန်တော်တို့တစ်တွေ အတုယူသင့် သည့်အချက်တစ်ချက်ပင်ဖြစ်သည်။ သူကပင်ဆက်ပြောသည်။ ဒီနေ့မြန်မာနိုင်ငံတွင် ဘယ်မြို့မှာပဲကြည့်ကြည့် တောင်းစားနေသူများကို အသက်အရွယ်ပေါင်းစုံတွေ့မြင်ရသည်။ ဒါနှင့်ပတ်သက်ပြီး သူတွေ့ကြုံရသည့်အချက် ကိုပြောပြသည်။ သူ ရုရှတွင်နေစဉ်တစ်နေ့ လေ့လာရေးခရီးထွက်ကြသည်။ ဘုရားကျောင်းနံဘေးတွင် အဘွား ကြီးတစ်ယောက် ပိုက်ဆံလာတောင်းသည်နှင့်ကြုံ၍ ပေးမည်ပြုရာ သူ့ဆရာမကတားပြီး ရှင်းပြသည်။ ဒီလို တောင်းစားတဲ့သူတွေက နိုင်ငံကို သိက္ခာကျအောင်လုပ်နေခြင်းဖြစ်၍ပေးစရာမလို၊ သူအလုပ်လုပ်စားမည်ဆိုပါ က လုပ်စရာတွေတစ်ပုံကြီးရှိကြောင်းပြောသည်။ ထိုဆရာမကပင် အတူပါလာသော ၆ နှစ်အရွယ်သားဖြစ်သူကို ပြောသည်။ သား..ဒီအဘွားကြီးကိုကြည့်ထား။ သားလည်း ငယ်ငယ်မှာစာမသင်၊ အလုပ်မလုပ်ဘူးဆိုရင် တစ်နေ့ကျရင် ဒီအဘွားကြီးလိုတောင်းစားရတဲ့သူဖြစ်လိမ့်မည် တဲ့။ ကျွန်တော်တို့နိုင်ငံရော နိုင်ငံတကာကလာ ရောက်သည့် ဧည့်သည်များအမြင်တွင် သိက္ခာကျစရာဖြစ်နေပြီပေါ့။

နိုင်ငံခြားတိုင်းပြည်တစ်ပြည်သို့အလည်ရောက်ဖူးသည့် သူငယ်ချင်းတစ်ဦးက သူ့အတွေ့အကြုံကို ပြောပြသည်။ သူတည်းခိုနေထိုင်ရာ ဟိုတယ်နှင့်အနီးရှိ အမှိုက်စွန့်ကန်တွင် အဘိုးကြီးတစ်ဦး တုန်တုန်ချိချိဖြင့် ဘီယာပုလင်းခွံတွေလိုက်ရှာနေသည်။ သူသနားသဖြင့် ပိုက်ဆံတစ်ချို့သွားပေးသည်။ အဘိုးကြီးကလက်မခံ။ သူ သူတောင်းစားမဟုတ်ပါ၊ ဒီလိုပေးတာ သူ့ကိုစော်ကားခြင်းဖြစ်သည်။ သူ့အလုပ်ကိုသူလုပ်နေခြင်းဖြစ်သည်။ သူ့ကိုကူညီချင်လျင် ဘီယာပုလင်းခွံတွေကို သပ်သပ်စုထားပြီးပေးပါ တဲ့ခင်ဗျ။ လေးစားစရာကောင်းသည့် ခံယူ ချက်၊ စိတ်ဓာတ်ဖြစ်ပါသည်။ ကျွန်တော်တို့မြန်မာနိုင်ငံတွင် “အလုပ်ဟူသမျှ၊ ဂုဏ်ရှိစွ” ဟု စကားပုံရှိသည်။ သို့ သော် အနောက်နိုင်ငံများတွင် ထိုစကားပုံကိုအတိအကျလိုက်နာသည်ကိုတွေ့ရသည်။ ကျွန်တော်တို့တစ်တွေ ရော ဘာလို့ဒီလိုခံယူချက်မထားနိုင်ရပါမည်နည်း။

အနောက်နိုင်ငံများကို အထင်ကြီးလေးစားအားကျရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ သူတို့တွေ ထိုသို့ တိုးတက်အောင်မြင်နေရခြင်းနောက်ကွယ်တွင် သူတို့ခံယူသော သဘောထားခံယူချက်၊ စိတ်ဓာတ်စသည်တို့ကို ဘာမဟုတ်သည့် အကြောင်းအရာလေးတွေကတစ်ဆင့် တွေ့မြင်သိရသည်များကို အတုယူသင့်ဖွယ်ရာအဖြစ် ပြောပြခြင်းဖြစ်ပါသည်။ ယနေ့ကျွန်တော်တို့နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်သို့ရောက်ရှိနေပြီဟု ဆိုနိုင်ပေသည်။ နောက်ကျခဲ့သည့်အချိန်တွေအတွက် ဟိုဟိုဒီဒီ အပြစ်တင်နေမည့်အစား၊ ယခုအချိန်ကစပြီး နိုင်ငံသားအားလုံးဝိုင်းဝန်းကြိုးပန်း၍ ခံယူချက်စိတ်ဓာတ်ကောင်းကောင်းဖြင့် ကြိုးပန်းဆောင်ရွက်ဖို့ အချိန်တန်ပြီ ဖြစ်ပါသည်။ သို့မှသာ မြန်မာ ဟူ၍ ကမ္ဘာ့အလယ်တွင် ရဲရဲလက်မထောင်နိုင်မည်ဖြစ်ပါသည်။

http://www.myanmaritpalace.com  ဆောင်းပါးပြိုင်ပွဲ ဒုတိယဆုရရှိခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။

aa