ခေတ်အဆက်ဆက်

အဖြစ်အပျက်အထွေထွေမှာ

သမိုင်းတာဝန်ကျေပွန်သူတွေလည်းရှိရဲ့

အမှားကအမှန်ဖြစ်

အမှန်တရားနွံနစ်တဲ့ကာလ

ဘ၀ပျက်သူတွေကဘ၀ပျက်

ပလ္လင်ထက်ထိုင်သူကထိုင်

ကိုယ်နဲ့မဆိုင်သလိုနေတဲ့သူတွေလည်း ဒုနဲ့ဒေး…….။

 

မဝေးသေးပါဘူး ဟိုတစ်ချိန်ခဏက

ပုဆိုးခြုံထဲက လက်ဝါးတောင်မပြရဲသူတွေ

လက်သီးကိုဆုပ်လက်မောင်းကိုတန်း

လူစွမ်းကောင်းသရုပ်နဲ့

ဟန်ထုတ်ပြီးထွက်လာကြတာများ

မိုးဦးကျပုရစ်တွေလို စီစီကိုညံလို့……။

 

အဲဒီသူတွေပေါ့

လဘက်ရည်ဆိုင်ထိုင် ပေါက်ပေါက်ဖောက်

ဗန္ဓုလလောက်သတ္တိရှိသတဲ့

ဗိုလ်ချုပ်လောက် တိုင်းပြည်ကိုချစ်သတဲ့

ဆရာစံလိုလို…

ဗိုလ်အောင်ကျော်လိုလို….

ဟိုလိုလိုဒီလိုလိုတွေများပြီး

အပိုအပိုတွေဖြစ်ကုန်လားမသိဘူး

ဆိုင်းဘုတ်ကြီးအခန့်သားတင်

လူတကာနဲ့ယှဉ်ပြီး တိုင်းပြည်ကိုချစ်နေလိုက်ကြတာများ…..

အင်းလေ…… ဘာပဲပြောပြော

လူတောမတိုးတဲ့ ကျုပ်လိုမျက်မမြင်ဒုက္ခိတထက်

တိုင်းပြည်အတွက် ပိုလိုအပ်မှာပါ…….။

 

 

 

 

About these ads